ငယ်စဉ်တုန်းက ကလေးသဘာဝမို့ အပူအပင်ကင်းမဲ့ခဲ့တာ အပြစ်လို့မဆိုနိုင်သလို၊ အခက်အခဲတွေကို နားမလည်ပဲ လိုချင်တာကို ပူဆာတတ်တာလည်း အပြစ်လို့ မဆိုနိုင်ဘူးလေ ကလေးဆိုတော့ လူကြီးတစ်ယောက်ရဲ့ ဆင်းရဲဒုက္ခတွေ နားမလည်သေးဘူးပေါ့။ အဖေက နေပူကြီးထဲမှာ မြေတူးနေမလား၊ မြက်ရိတ်နေမလား(နွားစာအတွက် နေ့စားအလုပ်)၊ ဆိုက်က္ကားနင်းနေမလား ကူလီထမ်းနေမလားဆိုတာ သားသမီးတစ်ယောက်အနေနဲ့ ငယ်ရွယ်သေးတဲ့အချိန်ဖြစ်နေတော့ မသိနိုင်သလို၊ အမေက အ၀တ်လျှော်တဲ့အလုပ် လုပ်နေမလား၊ သူများအိမ်မှာ အောက်ကျို့စွာလုပ်နေရမလား၊ နေပူထဲမှာ အဖေနဲ့ အလုပ်လိုက်လုပ်နေမလား၊ ရာသီစုံထွက်တဲ့ သီးနှံတွေကို ဘန်းထဲထည့်လို့ ခေါင်းပေါ်ရွက်ကာ လည်ရောင်းနေမလား ဆိုတာကို နားမလည်နိုင်ခဲ့ မသိခဲ့တဲ့ အချိန်တွေဟာ ကလေးတစ်ယောက်ရဲ့ ပူဆာတတ်တဲ့ အရွယ်လေးတွေမှာပါ...။ နောက်သိပ်မထူးမရှားရှိတာတစ်ခုကလည်း လူပျို၊ အပျိုအရွယ်တွေ၊ အိမ်ထောင်မပြုမိအရွယ်တွေလည်း ကလေးငယ်တွေလို မိဘအပေါ်မသိမနားလည်တတ်တော့ သူတို့ကို ဘ၀အကြောင်း မိသားစုအကြောင်း နားမလည်မသိမရှိဘူးလို့ ဝေဖန်ရမလားပဲ။ သို့ပေမဲ့ မိဘအပေါ် နားလည်သိတတ်တာတွေလည်း ရှိပါတယ်..။
                    
                       မိဘတွေမှာ အလုပ်လုပ်တဲ့အခါ လောဘတစ်ခုရှိပါတယ်၊ အဲ့ဒီလောဘက သူတို့အတွက်မဟုတ်ဘူး၊ သူတို့ရဲ့ သားသမီးတွေအတွက်မို့ နေပူမိုးရွာထဲမှာ အလုပ်လုပ်နေကြရတယ်၊  ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောပြီးရောင်းတဲ့ ပွဲစားလည်း အဖေတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေရတာပါပဲ၊ ရပ်ကွက်ထဲမှာ၊ ဈေးထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ ငွေတိုးတောင်းနေတဲ့ မိန်းမကြီးဟာလည်း မိခင်တစ်ယောက်ရဲ့ တာဝန်ကိုယူထားရတာပါပဲ။ ဒါဟာ မိဘတိုင်းရဲ့ သားသမီးအပေါ် ကြင်နာမှု နဲ့ စွန့်စားမှုတစ်ခုပါ၊ အဖေနဲ့အမေ အလုပ်ကပြန်လာရင် လက်ထဲမှာ စားစရာလေးတွေ ပါလာတာကို မြင်တော့ ကလေးတစ်ယောက်အနေနဲ့ ပျော်ခဲ့ဖူးတာ လူတိုင်းနီးပါးပါ။

                       တစ်ချို့တွေက ပြောကြပါတယ် စာအုပ်တွေထဲမှာရော ရုပ်ရှင်ဇာတ်လမ်းတွေမှာရော ပါးစပ်ကရောပေါ့ “ငါ မိဘဖြစ်မှပဲ အဖေနဲ့အမေကို သနားလာတယ်” တဲ့ အဲ့ဒီစကားက “နောင်တ” ကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်တဲ့အတွက် ပြောတဲ့လူကို စိတ်မခုလိုက်ပါနဲ့ အဲ့ဒီသူလို နောင်မှ၊ ( မိမိကိုယ်တိုင် မိဘဖြစ်မှ) မိဘအပေါ်သိတတ်လာ သနားတတ်လာတာမျိုး မဟုတ်ပဲ ငယ်စဉ်ကတည်းက မိဘအပေါ် နားလည်သိတတ်ခြင်းဟာ ကောင်းခြင်းမင်္ဂလာ တစ်ခုပါ....

မိဘအနားမှာ အတူရှိချိန်အတွင်း ဖေးမကြည့်ရှုခြင်းက ကျေးဇူးဆပ်ရာရောက်ပါ၏

တစ်ကယ်တော့ မိဘတိုင်းဟာ
သားသမီးတွေရဲ့
အာဇာနည်တွေပါ
{ကိုဇောင်း}