အေးချမ်းလှတဲ့ တောင်တန်းတွေနဲ့ ကျေးလက်တောတန်းလေးတွေမှာ အေးချမ်းစွာ ရိုးသားကြိုးစားလုပ်ကိုင် နေကြတဲ့ ကျနော်တို့ လူမျိုးစုလေးဟာ ကျေးလက်တောတန်းလေးထဲမှာ မနက်မိုးလင်းပြီဆိုရင် ရွာမှာရှိတဲ့ မုဆိုးခေါင်းဆောင်တွေ နဲ့ နောက်လိုက်တွေက ၅ရက်တစ်ပတ်အကြာ တောထဲ အမဲလိုက်ထွက်ကြသလို၊ ပျိုမေတွေ လူငယ်တွေက လက်ဖက်စိုက်ခင်းတွေ လယ်ယာစိုက်ခင်းတွေစီကို ကိုယ်စီကိုယ်ငှ သွားကြပါတယ်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ၀န်းကျင်က ရွာထဲမှာ ဈေးဆိုင်မလိုသလိုပါ၊ ဆေးဝါးနဲ့ကုန်ပစ္စည်းပတ်သက်လို့ မြို့ပေါ်တတ်တဲ့လူကို မှာချင်မှာပါတယ်၊ ဒါမှမဟုတ် ရွာကို နှစ်ပတ်တစ်ခါ နွားလှည်းနဲ့ ဈေးလာရောင်းတဲ့ လူတွေလည်းရှိပါတယ်၊ ဈေးသည်တွေ မလာတဲ့ အချိန်တွေမှာ တစ်ဦးနဲ့တစ်ဦး ပစ္စည်းလှဲလှယ်စနစ်နဲ့လည်း ကျင့်သုံးတတ်ကြပါတယ်၊
ဓနုလူမျိုးတို့ရဲ့ အစားအသောက်တွေမှာ ဆန်ဖြူ၊ ဆန်နီကိုလည်းစားပါတယ်၊ အနောက်နိုင်ငံတွေမှာတော့ တိုင်းရင်းသားတွေစားတဲ့ ဆန်နီကို သူတို့က ဗီတာမင်အပြည့်ရှိတယ်လို့ မှတ်သားပြီး ဈေးကြီးပေးကာ ၀ယ်စားနေကြရပါတယ်၊ ကျနော်တို့ တိုင်းရင်းသားတွေမှာတော့ ဒါဟာလည်း ကံကောင်းလေခြင်းတစ်ခုပါ၊ ဓနုလူမျိုးတွေရဲ့ လုပ်ငန်းမှာ လက်ဖက် နဲ့ ပဲပုတ်အဓိက ထွက်ပါတယ်၊ ရှမ်း၊ ပအိုဝ်း နဲ့ ဓနုတွေရဲ့ ရိုးရာဟာ ပဲပုတ်ပါ၊ နောက်တစ်ခုက တိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတွေမှာ မပါမဖြစ်ကတော့ ခေါပုတ်၊ ခေါပုတ်ကို ကောက်ညှင်းက လုပ်ပါတယ်၊ တိုင်းရင်းသားတွေမှာ ခေါပုတ်နဲ့ပဲပုတ်ကတော့ ညီနောင်လို့ ဆိုရမလိုပါပဲ၊ ပဲပုတ်စေ့ကို ထေါင်းရာကနေ ပဲပုတ်ဖြစ်၊ ကောက်ညှုင်းကို ထေါင်းရာကနေ ခေါပုတ်ဖြစ်ပါတယ်၊ တိုင်းရင်းသားတွေရဲ့ အစားအစာဟာ အများနဲ့မတူလောက်အောင် အရသာရှိပါတယ်၊
ဓနုလူမျိုးတို့ရဲ့ စကားအပြောအဆိုဟာ ယဉ်ကျေးပါတယ်၊ စကားလေသံမှာ ၀ဲဝဲလေးနဲ့ ချစ်စရာကောင်းလှပါတယ်၊ ဓနုမှာ ဓနုစကားဆိုပြီး မရှိပါ၊ စကားသံဝဲတာကိုက ဓနုစကားလို့ ဆိုရမလိုပါ၊ တိုင်းရင်းသားတွေဟာ တောင်သူတောင်သားတွေ ဆိုပေမဲ့ စကားပြောရာမှာ မရိုင်းတတ်ပါ၊ ချိုသာစွာပြောတတ်ကြပါတယ်၊ သဘောလည်းကောင်းပါတယ်၊ အလည်လာတဲ့ ဧည့်သည်ကို မိမိမစားရလျှင်နေပါစေဆိုပြီး ကျွေးတတ်ကြပါတယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရင်ဖြင့် ချစ်စရာကောင်းလှတဲ့ စကားသံဝဲ၀ဲ တိုင်းရင်းသား ပေါင်းစုံကို တွေ့မြင်ရမှာ မလွဲပါ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ တိုင်းရင်းသားတွေ အကုန်မဟုတ်ရင်တောင်မှ အစုံအလင်ကို တွေ့မြင်ချင်တယ်ဆိုရင် ဈေးနေ့မှာ တွေ့မြင်နိုင်ပါတယ်၊

ဓနုလူမျိုးဟာ.. ရိုးတယ်၊
ဓနုလူမျိုးဟာ ပွင့်လင်းတယ်၊
ဓနုလူမျိုးမှာ ၀ီရိယရှိတယ်၊
ဓနုလူမျိုးမှာ သတ္တိရှိတယ်၊
ဓနုလူမျိုးမှာ မျိုးနွယ်အသိရှိကြတယ်၊
ဒါပေမဲ့ တစ်ချို့တွေက ဓနုလူမျိုးကို သိပ်မသိကြဘူး.....

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ ဦးထီးရဲ့ သီချင်းထဲကလို {{{နေရာချင်းတော့ မလဲပါဘူး တောင်ပေါ်သား တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူချင်ပါတယ်}}}
{ကိုဇောင်း}