လူအများရင်ဆိုင်ရသည်မှာ အောင်မြင်ဖို့ရောက်ခါနီးတိုင်း စိတ်ရဲ့ခြောက်လန့်ခံရခြင်း ဖြစ်သည်။ စိတ်ရဲ့ ခြောက်လန့်မှုကြောင့် အရှေ့ဆက်မဲ့ ခြေတစ်လှမ်းဟာ အနောက်သို့ ရွေ့လျားသွားတတ်သလို အောင်မြင်မှုနဲ့လည်း ဝေးကွာခဲ့ရတတ်ပါသည်။

ထို့သို့ ခြောက်လန့်ခြင်းမျိုးများစွာကို ခံနိုင်ရည်ရှိဖို့နှင့် သွားပုပ်လေလွှင့် အဖြစ်မျိုးကို ခံနိုင်ရည် ထားရှိကာမှ ခြောက်လန့်ခြင်းကို လွတ်မြောက်နိုင်မှာဖြစ်ပါသည်။

လူတို့သည် အကောင်းအဆိုးကို တန်ဆာအဖြစ် ၀တ်ဆင်ထားတာကြောင့် အကောင်းတည်းဟူသော တစ်ခုတည်းလည်း မရှိနိုင် အဆိုးတည်းဟူသော တစ်ခုတည်းလည်း မရှိနိုင်ပါ၊ မနက်ဖြန်များစွာဟာ ရှင်သန်ခြင်းရဲ့ လမ်းနိမိတ်တစ်ခုပါ၊ တစ်ခါတစ်ရံ၌ ဘ၀ကို တည့်ထိုးအိုးပေါက် ဆိုသလို နေပြပြန်တော့လည်း အရာရာတိုင်းဟာ မတူညီမှုမရှိသော ရလဒ်တစ်ခုလို ဖြစ်သွားပြန်ပါသည်။

တစ်ခါတစ်ရံ၌ လူတို့သည် အတ္တကို တန်ဆာဆင်ထားတာကြောင့် မည်သို့ဆိုစေ မိမိကိုယ်သာ မှန်သည်ဟု ယူဆချက်များ ကိုယ်စီကိုယ်စီ ရှိနေတတ်ကြသည်။

လူတို့သည် မှန်တာကိုပြောလျှင် ကြိုက်နှစ်သက်သည်ဟု ဆိုကြသော်လည်း စင်စစ်မှာမှု လူတို့သည် မှန်တာကို ပြောလျှင် မကြိုက်နှစ်သက်ကြပါ။ ထိုသို့ဆိုရာ၍ ကျွနိုပ်လည်း အပါအ၀င်ဖြစ်ပါသည်။ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် ထိုသူကို သင့်ရဲ့စိတ်ဓါတ်မကောင်းဘူး ဟုပြောလိုက်ပါက ကြိုက်နှစ်သက်ပါ့မည်လော။

လူတစ်ယောက်၏ အတွေ့အကြုံသည် အသက်ကြီးတာ နှင့် အသက်ငယ်တာကို ခွဲခြားသည်မှာ မသင့်လျှော်ပါ၊ ကျွနိုပ်၏ အမြင်မှာ လူတစ်ယောက်၏ ပတ်ဝန်းကျင်အတွေ့အကြုံ နှင့်သာ ဆိုင်သည်ဟု ယူဆမိပါသည်။

{ကိုဇောင်း}