10ဟင်္သာထွန်းရင်ရဲ့ အေးကြည်မ သီချင်းက အကြည် အတွက် ရည်ရွယ်ပြီး ဆိုထားသလို ဖြစ်နေလေသည်။ ရာသီပေါ် သီးနှံကအစ အကြည် ရဲ့ ခေါင်းပေါ်ရောက်ရသည်။ ဤသို့ မလုပ်လျှင် အကြည်တို့ သားအမိနှစ်ယောက် ရဲ့ စားဝတ်နေရေးမှာ အခက်အခဲနှင့်တွေ့ပေလိမ့်မည်။ မြန်မာ ဆိုရိုးစကားပုံများလို ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာသကဲ့သို့ အကြည့်၏ မိခင်မှာ အသည်းအသန်ဖြစ်၍ ဆေးရုံတင်ထားရသည်။ သူမမှာလည်း စုမိဆောင်းမိထားသော ငွေပိုငွေလျှံက မရှိသောကြောင့် ဖုတ်ပူမီးတိုက်ဖြစ်နေလေတော့သည်။

“အမေ သက်သာလားဟင်”

“အေးကွယ်... သမီးရယ် နည်းနည်းတော့ သက်သာပါတယ်၊ ဒါပေမဲ့ ရင်ဘတ်ထဲက အောင့်ပြီး အသက်ရှုမ၀ဖြစ်နေတယ် မောလည်းမောတယ် သမီးလေးရယ်...”

“အို... အမေရယ်....”
“အမေ ဘာမှ စိတ်မပူနဲ့နော် သမီးလေ အမေ့ကို နေကောင်းပျောက်အောင် ဆေးကုပေးမယ်နော်”

“အမေ့သမီးလေးကို ဒုက္ခမပေးချင်တော့ပါဘူး သမီးရယ်၊ အမေလည်း လောကကြီးထဲမှာ ကြာကြာနေရမယ် မထင်ဘူး”

“အမေရယ် အဲ့လို မပြောပါနဲ့နော်၊ သမီးဝမ်းနည်းလွန်းလို့ပါ၊ သမီးတစ်ယောက်လုံးရှိသေးတာပဲ၊ အမေဘာမှ အားမငယ်နဲ့ သမီးတာဝန်ထားနော် အမေ”

သားအမိနှစ်ယောက် စကားတွေပြောနေရင်းနဲ့ မျက်ရည်ကိုယ်စီ ကျလို့နေသည်။ ထိုစဉ် ဆရာဝန်ရောက်လာသည်။ ဆရာဝန်မှာ အကြည်၏ မိခင်အား ကျန်းမာရေး စစ်ဆေးနေလေသည်။

“ဆရာ သမီးရဲ့ အမေ ဘယ်လိုနေလဲဟင်၊ ”

“အင်း သူငယ်မလေး ရဲ့ အမေက ရောဂါကို မွေးထားသလိုဖြစ်နေတော့ အသက်ကြီးလာတော့ အရည်ခွံထူသလိုဖြစ်နေတယ်”

“အမောရောဂါနဲ့ အသက်ရှုကြပ်တာနဲ့ နှလုံးအခံကလည်းမကောင်းတော့ ကောင်းကောင်းဂရုစိုက်ရလိမ့်မယ်”

“ဆရာပေးတဲ့ ဆေးကိုတော့ မှန်မှန်တိုက်ပေးပါ”

“ဟုတ်ကဲ့ ဆရာ သမီး အမေ့ကို ဆေးမှန်မှန်တိုက်ပါ့မယ်”

သူမ၏ မိခင်အား တစ်ချက်ကြည့်ရင်း...

“အမေ သမီး ဆေးပေးဆောင်ကို သွားလိုက်အုံးမယ်နော် အမေသက်သာအောင် နားနေနော်”

“အေးပါကွယ် အမေ့ကို စိတ်ချပါသမီးရယ်”

မိခင်ကသာ စိတ်ချပါလို့ ပြောပေမဲ့လည်း တစ်ကယ်တမ်းက အကြည်မှာ စိတ်မချနိုင်ပါ၊ သူမရဲ့ ဘ၀မှာ ခင်မင်တွယ်တာစရာ၊ အားကိုးစရာ၊ သူမ ပိုင်ဆိုင်သာဆိုလို့ သူမရဲ့ အမေတစ်ယောက်ပဲ ရှိသည်မဟုတ်ပါလား။

----- ---- --- -- -

ဆေးပေးဆောင်သို့ သူမရောက်သော်၊ သူမ၏ မိခင်အတွက် လိုအပ်သည့်ဆေးများကို ၀ယ်ဖို့ ဆရာမလေးက ပြောပြနေသည်။ ၀ယ်ရမည့်ဆေးများသည် များပြားလွန်းသည်။ သူမ မှာ ဆရာမလေး ညွန်ကြားသမျှကို ဟုတ်ကဲ့... ဟုတ်ကဲ့ ဟူ၍သာ ခေါင်းညိတ်နေလေသည်။ ခေါင်းညိတ်နေသော်လည်း အတွေးများက ဆေးဖို့အတွက် ပူပန်နေရှာသည်။ သူမ၏ မိခင် နေကောင်းပျောက်ရေးအတွက် စိတ်ကစောနေသည်။

----- --- -- -

“အမေ သမီး အမေ့အတွက်ဆေးသွားဝယ်လိုက်အုံးမယ်နော် ဆေးဝယ်ပြီးပြန်လာခဲ့မယ်၊ အမေဘာစားချင်လည်း သမီးဝယ်လာမယ်လေ”

“ရပါတယ်သမီးရယ် သမီးမှာရော ဆေးဝယ်ဖို့ ပိုက်ဆံရှိရဲ့လား”

“ရှိပါတယ် အမေရဲ့ သမီးဈေးရောင်းလို့ရတာတွေထဲက စုထားတာရှိတယ်”

တစ်ကယ်တမ်းတော့ သူမ၏ မိခင်အား သူမ မညာချင်ပါ၊ ပိုက်ဆံမရှိဘူးပြောလိုက်လျှင် မိခင်မှာ စိတ်ညှိးငယ်သွားမည်ဆိုးသောကြောင့်၊ အမေ စိတ်ညစ်မှာဆိုးသောကြောင့် လိမ်လိုက်မိလေသည်။ စင်စစ်မှာ သူမနား ငွေပိုငွေလျှံမရှိပေ။ ဆေးဖိုးဝါးခ အတွက် ငွေတစ်သောင်းလိုမည်၊ ထို့အတွက်ကြောင့် သူမ၏ မိခင်ဆေးဖိုးအတွက် သူမ မဆက်ဆံချင်သော လူများနှင့်ဆက်ဆံရတော့မယ်၊
ထိုသူများက နေ့ပြန်တိုး အမြတ်ကြီးစားများ ဖြစ်ကြသည်။

---- --- -- -

ရပ်ကွက်ထဲတွင် နေ့ပြန်တိုး ပေးနေသော ညီမတစ်စုရှိကြသည်။ မညို၊ မဖြူ၊ မနီ၊ မ၀ါ၊ မလှ။ ထိုညီမများသည် ငွေနှင့်ပတ်သက်လာလျှင် ညီမအချင်းချင်း နပန်းလုံးတတ်သည်။ အကြွေးပြန်မဆပ်က ချစ်တီးကုလားထက်ပင်ဆိုးရွားသည်။ ညီမအချင်းချင်း ပြိုင်တာက ကြံကြံဖန်ဖန်လည်းပြိုင်တတ်ကြသည်။ သူတို့ယူထားသော ယောက်ျားများကို အပြိုင်အဆိုင် သားသားနားနားထားတတ်သလို ညီမများထဲက တစ်ယောက်ယောက်က ရွှေကလစ်ဝယ်လျှင် နောက်တစ်ယာက်မှာ ရွှေခေါင်းဖီးရအောင်ဝယ်သည်။ ညီမအချင်းချင်း ပြိုင်ကြရင်လည်း ရက်ရက်စက်စက်ကို ပြိုင်ဆိုင်ကြသည်။ တစ်ခြားသူနှင့် ရန်ဖြစ်လျှင် ညီမတစ်စုမှာ ၀ိုင်း၍ တစ်ဖက်လူအား ရိုက်နှက်တတ်ကြသည်။ စကားပြောလည်း မပြေပြစ်ပေ။ အရပ်စကားတစ်ခုရှိသည် စွာတေးလန် ဆိုသည်မှာ သူတို့ ညီမတစ်စုများဖြစ်နှင့်တင် လုံလောက်နေပေသည်။
သူတို့နား ငွေချေးယူမိပါက တစ်ရက်စွန်းလည်း တစ်ရာကိုနှစ်ဆယ်တိုးပေးရသည်။ ဤသို့ဤနှယ် ငွေမျက်နှာတစ်ခုတည်းသာ ကြည့်သော ညီမတစ်စုနှင့် သူမ မဖြစ်မနေ ပတ်သက်ရတော့မည်။ မပတ်သက်လို့လည်းမရပေ၊ ရပ်ကွက်ထဲ၌ ငွေတိုးပေးသော သူများဆိုလို့ ထိုညီမတစ်စုသာရှိသည်။

“မညို ရှိလားရှင့်”

“ဪ.. အကြည်ပါလား မလာစဖူး အလာထူးလို့ပါလား”

“မဟုတ်မှ လွဲရော ငွေလိုလို့ထင်တယ်”

ဟုတ်ပါသည် မညိုနားလာတဲ့ လူမှန်သမျှမှာ အလည်လာသည်က ရှားပါးသည်၊ ငွေလို၍ လာကြသူများဖြစ်သည်။

“ဟုတ်ပါတယ် မညို”

“ကျွန်မ အမေ့အတွက် ဆေးဖိုးလိုလို့ ငွေ တစ်သောင်းလောက် ယူချင်လို့ပါ”

“အေး အေး ငွေကတော့ ယူလို့ရပါတယ်၊ နင် မှတ်ထားရမှာက တစ်ရာ ကို နှစ်ဆယ်တိုးနော်၊”

“ဟုတ်ကဲ့ ရပါတယ်ရှင် ကျွန်မ ငွေကို အရေးတကြီးလိုနေလို့ပါ”

“အင်း... ငါ့နားလာတဲ့ လူမှန်သမျှကလည်း ငွေကို အရေးတကြီးလိုနေကြတဲ့လူတွေပါပဲ”

“ဒါနဲ့ နင့်မှာ ဘာပစ္စည်းပါလည်း၊ ပစ္စည်းပါရင် စာချုပ်ချုပ်စရာမလိုဘူး၊ ပစ္စည်းတစ်ခုခုမပါရင်တော့ ငွေဘယ်လောက်ယူယူ စာချုပ်ချုပ်ရမယ်”

“ဟုတ်ကဲ့ ဘာပစ္စည်းမှတော့ မပါပါဘူးမညို၊ စာချုပ်ချုပ်ဖို့ပဲ ရှိပါတော့တယ်”

“အေး ဒါဆိုရင် စာချုပ်ချုပ်မယ်”

“စာချုပ်ထဲက စာတွေကို ဖတ်ကြည့်အုံး”

စာချုပ်ထဲ၌ ယူထားသော ငွေအား နှစ်လအပြီး ဆပ်ရမည်၊ အတိုးကို နေ့စဉ်သွင်းရမည် ထို့သို့မလိုက်နာပါက တရားစွဲမည် ဟုရေးထားသည်။ အကြည်မှာ မဖြစ်သာလို့တာ သူများနားက ငွေးချေးရသည်။ ကူညီနိုင်မဲ့ ဆွေမျိုးများ မရှိတော့ ယခုလို နေ့ပြန်တိုးနဲ့ ပတ်သက်ရတော့သည်။

“ဟုတ်ကဲ့.. ရပါတယ် မညို”

“အခုလောလောဆယ် ငွေကအရေးကြီးနေတာကြောင့် မဖြစ်မနေယူရတာမို့ပါ ကျွန်မ စာချုပ်ထဲကအတိုင်း လိုက်နာပါ့မယ်ရှင်...”

အပိုင်း(၂) ကိုဆက်လက်စောင့်မျှော်ပါ.....
{ဇောင်း}