သံယောဇဉ်ကြားက မြစ်တစ်စင်းကို ဖြတ်တောက်လို့ လွယ်ပါ့မလား၊ အနေချင်းနီးနီးဝေး ဝေး တစ်ကယ်ဆိုရင် ချစ်ခြင်းနဲ့နားလည်မှုက အဓိကပါ၊ နီးစပ်ရာ ဖျားယောင်း သွေးဆောင်မှုတွေကြားမှာ လိမ္မာပါးနပ်စွာ ရုန်းထွက်နိုင် စေတော့ကွယ်၊

ပန်းဆိုတာ ဖူးပွင့်တုန်းခဏမှာသာ သင်းရနံ့တွေ ကြိုင်လှိုင်နေပေမဲ့ ပင်စည်တွေ ရင့်ထွားလို့ ပန်းပွင့်လေးလည်း ရင့်ရော်ယမ်းလာတဲ့အခါ ဘယ်သူတွေက အနီးနားမှာ ရှိနေပါတော့မလဲ၊ တစ်ကယ်တော့ ပန်းဆိုတာ ဖူးပွင့်ချိန်အခိုက်မှာသာ သင်းရနံ့တွေကြိုင်လှိုင်နေတာပါ၊ ခဏတစ်ဖြုတ်သာ နုပျိုရှင်သန်ခြင်းနဲ့ ပျားတကာတို့ခဏသာ ရစ်ဝဲမူးယစ်နေကြပေမဲ့ အချိန်တွေကြာညောင်းလာတဲ့အခါ ဘယ်သူက ကြာရှည်ဂရုစိုက် ကြင်နာကြမလဲလေ၊ ပန်းလေးအနား ပျားတွေရစ်ဝဲနေတာ ချစ်ခင်ကြင်နာလို့ မဟုတ်ဘူးရယ် တစ်ခုတည်းသော ပန်းတို့ဝတ်ရည်ကို စုပ်ယူသောက်သုံးဖို့ရယ်ပါ...။

ချောင်းကိုပစ်၍ မြစ်ကို ရှာသလား ရေသာများ၍ ငါးမတွေ့နိုင်ပါဘူး၊ မမြင်ဖူး၍ မူးကိုမြစ်မထင်စေချင်ဘူး၊ စိတ်တွေ လေလွှင့်နေချိန် ဘယ်သူတွေ ချဉ်းကပ်နေပါစေ၊ လေယူရာမယိမ်းလိုက်ပါနဲ့ အားနွဲ့နေသူ ကလေးရယ်၊ အနေချင်းဝေးကွာရသမို့ စိတ်မချနိုင်တာ အဝေးရောက်ချစ်သူတိုင်းရဲ့ ဝေဒနာအတ္ထုပ္ပတိတစ်ခုပါ၊

ဝေးကွာခြင်းက ဘယ်လောက်ရှိနေလည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်တောင် မဝေးဘူးရယ်၊ တစ်ကယ်ဆို တို့နှစ်ယောက် ဝေးကွာခြင်းက မိနစ် ၉၀ရယ်ပါ၊ ဘယ်လိုထိဝေးကွာနေလည်း ချစ်ခြင်းသစ္စာတွေကြောင့် စိတ်ချင်းနီးနေရသူပါ၊ စိတ်တွေက မတည်ငြိမ်မိုးသားလို ဖြစ်နေရင်တောင် နီးစပ်ရာကောက်ရိုးတစ်မျှင်ကို အဖော်မပြုရက်ပါဘူး၊ ရင်တွင်းဝေဒနာအပူမီး လှိုင်းထန်နေလည်း ရင်ပူစွာ တမ်းတနေမယ်ဆိုတာ သိပါစေတော့ကွယ်..၊

ပုံပြင်တွေ မဖတ်တတ်တဲ့သူ၊ စိတ်ကူးတွေ မယဉ်တတ်တဲ့သူ၊ သတိရခြင်းဆိုတာ ဘာမှန်းမသိတဲ့သူ၊ ဝေးကွာခြင်းရဲ့ အရသာဆိုတာ ဘာမှန်းမသိတဲ့သူ အခုတော့ ကလေးရယ် ပုံပြင်တွေလည်း ဖတ်တတ်နေပြီ စိတ်ကူးတွေလည်း ယဉ်တတ်လာပြီ သတိရခြင်းတွေက အထွဋ်အထိပ်ရောက်လို့ ပူဆွေးခြင်းဝေဒနာကို ခံစားနေရလေပြီ။

ဟိုအရင်အတူရှိခဲ့စဉ်က ကန်ဘောင်ပေါ်က လေပြေနုလေးတွေနဲ့ လသာညတွေ၊ ဆိပ်ကမ်းဘေးနားက ဇင်ယော်ငှက်ကလေးတွေ ၊ ဖယောင်းတိုင်တစ်တိုင်ရဲ့ အလင်းရောင်၊ ပထမဦးဆုံး တိုက်ခဲ့ဖူးတဲ့ City Markပေါ်က ကော်ဖီတစ်ခွက်ရယ်၊ ပထမဦးဆုံး ရင်ခုန်ခဲ့ရတဲ့ မျက်ဝန်းတစ်စုံရယ်၊ ရက်ပေါင်း ၉၀ပြည့် အမှတ်တရများစွာရယ် အခုများတော့ အထီးကျန်ဆန်ခဲ့လေပြီလား၊ အခုဆို တမ်းတသတိရမိတိုင်း မျက်ရည်က ၀ဲလာတယ် ငါမငိုပါဘူး မျက်ဝန်းက မျက်ရည်တွေက သူ့အလိုလိုကျလာတာ.....
{ဇောင်း}