“ဒီမယ် သီတာ ကြင်နာယုယခြင်းမရှိလို့ ကျုပ်ရဲ့ အချစ်တွေကခက်ထန်နေတယ်လို့ ထင်နေသတဲ့လား.၊ ကြင်နာယုယပြမှ နှူးညံ့သိမ်မွေ့တယ်ဆိုရင် ကျုပ်ဒီ လေးမြှားပစ်ပွဲကို ၀င်မှာမဟုတ်ဘူး.....
{ဇောင်း}


စာရေးဆရာကြီး ချစ်ဦးညိုရဲ့ အလင်္ကာဒီပချစ်ထဲက သူရဲကောင်းကြီး ရဝဏ မျိုးရိုးအတွက် မျိုးနွယ်အတွက် ရှေ့တန်းက ရဲရဲဝံ့ဝံ့ ဓါးလှံလေးမြှားလက်နက်တို့ကို ကိုင်ပြီးတိုက်ခဲ့သူ အမြဲတမ်းအနိုင်ရခဲ့ပေမဲ့ ဘာကြောင့်များ နှလုံးသားစစ်ပွဲမှာ လူကြမ်းကြီးဖြစ်ရလေသလည်း အမည်နာမတောင် တွင်ခဲ့လေတယ်၊
အို... အချစ်ရှုံးသမားကြီး ဒဿဂီရိ.......

သက္ကရာဇ်တွေသာ အလီလီပြောင်းလည်းခဲ့တယ်၊ အချစ်ရှုံးသူ ဒဿဂီရိကတော့ လူကြမ်းဘ၀က မကျွတ်ရသေး။ လူကြမ်းတွေမှာရော ချစ်တတ်တဲ့ စိတ်မရှိရတော့ဘူးတဲ့လား၊ နှလုံးသားကို ဖက်နုနုနဲ့ထုပ်ဖို့ ကြင်နာခြင်း ယုယခြင်းကို မသိမနားလည်ခဲ့တာ အခုတော့ ဒဏ္ဍာရီထဲ ရာဇ၀င်တွင်ခဲ့လေတယ်။ တောင်ဆယ်လုံးထက်က ရန်သူတော်တွေရဲ့ နှလုံးသားကို တစ်နေ့တည်းထိုးဖောက်နိုင်ခဲ့ပေမဲ့ မယ်သီတာရဲ့ နှလုံးသားကို မထိုးဖောက်နိုင်ခဲ့တာ ခက်ထန်ကြမ်းတမ်းခြင်းကြောင့်လား၊ အပြစ်တင်ရယ် မစောလိုက်ပါနဲ့၊ သမုဒယကြားက ချစ်ခြင်းမေတ္တာဆိုတာ မည်မျှပင် ခက်ထန်ကြမ်းတမ်းနေပါစေ တစ်ခါတစ်ရံမှာ ၀ါဂွမ်းနုလို ပျော့ပြောင်းစေခဲ့တယ်။

စမ်းချောင်းရေရဲ့ စီးမျှောမှုပေါ်မှ မယ်သီတာရဲ့ ရုပ်ပုံလွှာကို မြင်လိုက်ချိန် အလင်္ကာတွေ မပိုရလောက်အောင် ရင်ခုန်သံတွေနဲ့အတူ ဆောက်တည်မရဖြစ်ခဲ့တယ်ဆိုတာ လက်ထဲက ပုတီးလွတ်ကျတဲ့ ပုံရိပ်က ခိုင်မာခဲ့ပေပေါ့။ ချစ်ခြင်းမှာ မိုင်ပေါင်းကုဋေများစွာဝေးနေပေမဲ့လည်း စိတ်ကိုပြောင်းလဲစေတဲ့ ချစ်ခြင်းအကြောင်းတရားတွေက အံ့သြဖွယ်တောင် ကောင်းနေချိန်ပေါ့။ မျိုးရိုးရယ်မတူ ရေမြေရယ်ခြားနေပေမဲ့လည်း ချစ်ခြင်းစိတ်တွေကြောင့် မယ်သီတာရှိရာ အရပ်စီ မြင်းကိုဒုန်းစိုင်းလို့ အပြေးလှမ်းခဲ့တာ စာဖတ်သူ မသိပေမဲ့ သမိုင်းက သိနေခဲ့ပါတယ်။

သနားညှာတာ ထောက်ထားမှုရယ် မရှိခဲ့လေတော့ ပျားတစ်စက်ကြောင့် ပြည်ပျက်တယ် ဆိုရလေမလား၊ ချစ်သောမယ်သီတာကြောင့် ထီးနန်းလည်းပျောက် ရေကြည်လည်းနောက်ခဲ့ရတယ်၊ ဒါကိုတောင် အားမရသေးတော့ သမိုင်းအဆက်ဆက်မှာ အချစ်ကြီးသူ လူကြမ်းကြီး အချစ်ရှုံးသမားဒဿဂီရိ ဖြစ်ခဲ့ရလေတယ်.....။
{ဇောင်း}